အသည်းကျန်းမာအောင် မနက်ခင်းတိုင်း လုပ်ပေးသင့်တဲ့ အလေ့အထများ
စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ဖို့၊ သွေးသန့်စေဖို့၊ ဇီဝတွင်းဖြစ်စဉ်တွေကို ဟန်ချက်ညီစေဖို့အတွက် နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ဆိုရင် အသည်း ကျန်းမာနေဖို့ အရေးကြီးပါတယ်။ အသည်းက တစ်နေ့တာရဲ့ ၂၄ နာရီလုံးမှာ အလုပ်တာဝန်ပေါင်းများစွာကို လုပ်ဆောင်နေတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။
အသည်းကို ကျန်းမာစေဖို့ ဂရုစိုက်မှ နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်စွာ လှုပ်ရှားသွားလာနိုင်မှာပါ။ ဒါကြောင့် အသည်းကျန်းမာစေဖို့ မနက်ခင်း နိုးထလာချိန်မှာ လုပ်ပေးသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးချင်ပါတယ်။
- ရေဝဝသောက်လိုက်ပါ
အသည်း ကျန်းမာစေဖို့ဆိုရင် အိပ်ရာက နိုးလာပြီဆိုတာနဲ့ ရေတစ်ခွက် ဒါမှမဟုတ် ရေဝဝသောက်လိုက်ပါ။ ဒီလို ရေသောက်လိုက်တာက ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝသွားစေသလို အသည်းကိုလည်း အဆိပ်အတောက်တွေ အန္တရာယ်ကနေ ကာကွယ်လိုက်တာပါပဲ။ ရေဓာတ်နည်းနေတာက သွေးပျစ်စေပြီး အသည်းကို အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ခက်စေမှာပါ။
- မနက်စာ စားဖြစ်အောင် စားပါ
မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးပါတယ်။ မနက်စာမစားတာက အသည်းနဲ့ သည်းခြေအိတ်ကို ဝန်ပိစေပါတယ်။ သည်းခြေအိတ်ထဲမှာ အစာခြေဖျက်ဖို့ ထုတ်လိုက်တဲ့ သည်းခြေရည်တွေက မစာမချေဖျက်လိုက်ရတဲ့ သည်းခြေအိတ်ထဲမှာ အဆီတွေ စုသွားပြီး သည်းခြေအိတ်ကျောက်တည်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်း လုပ်ပါ
မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးတာက အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။
- ကော်ဖီတွေ အများကြီး မသောက်ပါနဲ့
ကော်ဖီသောက်တာက ကျန်းမာရေးအတွက် ကောင်းစေတယ်ဆိုပေမယ့် နည်းနည်းလောက်ပဲ သောက်စေချင်ပါတယ်။ ကော်ဖီကို အလွန်အကျွံ သောက်တာက အသည်းကို ထိခိုက်စေနိုင်လို့ပါ။ ကော်ဖီကို မနက်စောစော ဘယ်လောက် ကြိုက်ကြိုက် ဘယ်လောက်ပဲ သောက်ကောင်းကောင်း အများကြီး မသောက်ပါနဲ့။
မနက်ခင်းမှာ ဒီအချက်တွေကို လိုက်နာပေးမယ်ဆိုရင် အသည်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ အသည်းကျန်းမာစေဖို့ မနက်ခင်း အလေ့အထလေးတွေအပြင် လိုက်နာပေးသင့်တဲ့ အချက်လေးတွေ ရှိပါသေးတယ်။
ဒါကတော့
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာ - အဆီများတာ၊ အငန်ကဲတာ၊ အချိုကဲတာတွေကို ရှောင်ပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေ၊ တာရှည်ခံ အစားအစာတွေကို ရှောင်ပါ။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများ စားပေးပါ။
- ဆေးတွေကို မလိုဘဲ မသောက်ပါနဲ့ - ဆေးတွေကို မလိုဘဲ သောက်တာ၊ ဗီတာမင်တွေကို အလွန်အကျွံ မှီဝဲတာက အသည်းကို ထိခိုက်စေနိုင်တာကြောင့် ဆေးတွေကို မလိုဘဲ မသောက်ပါနဲ့။
- ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တိတိကျကျ ပြောပြရရင် အသည်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်း ကျန်းမာချင်ရင် ဆေးလိပ်ဖြတ်ပါ။
- ကာကွယ်ဆေး ထိုးပါ - အသည်းရောင်အသားဝါကြောင့် အသည်း မထိခိုက်စေဖို့ဆိုရင် ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံထားပေးပါ။
အသည်းကျန်းမာမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ဒါကြောင့် အသည်းထိခိုက်နေပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေ ဖြစ်ကြတဲ့ မျက်ဖြူ နဲ့ အသားတွေ ဝါနေတာ၊ အရေပြားတွေ ယားတာ၊အစားစားချင်စိတ် မရှိတာ၊ ခြေကုန်လက်ပမ်းကျ တာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုချင်ပါတယ်။
မွန်မွန်